ယူကရိန်း ဘောလုံးသမားနှစ်ဦးဖြစ်တဲ့ ဗီတာလီ ဆစ်ပိုင်လို (Vitalii Sapylo) (၂၁နှစ်) နဲ့ ဒီမစ်ထရို မာတီနန်ကို (Dmytro Martynenko) (၂၅နှစ်) တို့ဟာ ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက် အမိမြေအတွက် ခုခံဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ် FIFPROရဲ့အတည်ပြုချက်အရ သိရပါတယ်။ ‘’ကျွန်တော်တို့ရဲ့ ခံစားချက်တွေက ဒီစစ်ပွဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းလူငယ်ဘောလုံးသမား ဗီတာလီ ဆာပလွိုင်လို နဲ့ ဒီမိုင်ထရို မာတီနန်ကိုတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ အသင်းသားတွေနဲ့အတူ ထပ်တူထပ်မျှပါပဲ၊ သူတို့နှစ်ဦးလုံး ခရစ်တော်ထံမှာ ငြိမ်းချမ်းစွာ အိပ်စက်ပါစေ” လို့ FIFPROက ထုတ်ပြန် ရေးသားထားပါတယ်။
(karpaty Lviv)လူငယ်အသင်းရဲ့ ဂိုးဖမ်းသမားတစ်ယောက်ဖြစ်တဲ့ ဆစ်ပိုင်လိုဟာ တင့်ကားတပ်မှူးတစ်ယောက်အဖြစ် ယူကရိန်းစစ်တပ်ကို ဝင်ရောက်ခဲ့ပြီး လွန်ခဲ့တဲ့ သောကြာနေ့က ကိဗ်ယက်မြို့ကို ကာကွယ်ရင်း သေဆုံးခဲ့ပါတယ်။ ဆစ်ပိုင်လိုရဲ့ ဘောလုံးအသင်းက သူဟာစစ်ပွဲအတွင်းမှာ သေဆုံးခဲ့ရတယ်ဆိုတာကို ကြေညာရင်း သူရဲကောင်းအဖြစ် အမည်တပ်ဂုဏ်ပြုခဲ့ပါတယ်။ ဒီသတင်းကိုလည်း ရုရှား ကျူးကျော်ဝင်ရောက်ပြီး ၂ရက်မြောက်နေ့မှာ သူ့ရဲ့အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ “ဒီသူရဲကောင်းရဲ့ ထာဝရအမှတ်တရတွေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်”လို့ အသင်းကဆိုထားပါတယ်။
FC Gostomel မှာ နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးသမားမာတီနန်ကိုဟာ မြို့တော်ရှိ သူ့ရဲ့နေအိမ်ကို ရုရှားဗုံးတွေ ထိမှန်ပြီးနောက် သူ့မိခင်နဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ မာတီနန်ကိုဟာ ၁၉၈၆ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၃၅နှစ်အရွယ် ဘောလုံးသမားဟာ မြို့တော်ကိယဗ်အနီး တိုက်ခန်းတစ်ခုမှာ မိခင်နှင့်အတူ နေထိုင်နေခဲ့တာပါ။
ရုရှားတပ်တွေရဲ့ ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဖီဖာ (FIFA) နဲ့ ယူအီးအက်ဖ်အေ (UEFA) နှစ်ဖွဲ့လုံးက ရုရှားအသင်းအားလုံးကို နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာကို ဆိုင်းငံ့ထားပါတယ်။ အက်ဖ်အေ(FA) ကလည်း ဘယ်လိုပြိုင်ပွဲမျိုးကိုမဆို ရုရှားအသင်းနဲ့ တွေ့ဆုံဖို့ ဆန္ဒမရှိဘူးလို့ ကြေညာခဲ့သလို FIFA ကလည်း ရုရှားနိုင်ငံသားတွေကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် လာမယ့်နွေရာသီ အမျိုးသမီးဉရောပချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ရုရှားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။
REF; Daily Mail & Evening Standard
Leave a Reply