စကားလုံးများရဲ့ စွမ်းအားနဲ့ ထိုစွမ်းအားကို အသုံးချပြီး ကမ္ဘာကျော်ခဲ့သော အမျိုးသမီး

ထိုအမျိုးသမီးကတော့ ကမ္ဘာ့ဒုတိယရောင်းအားအကောင်းဆုံးဖြစ်တဲ့ “မင်းဘဝကိုမင်း ကုစားနိုင်တယ်”(You can heal your life) စာအုပ်ကို ရေးသားခဲ့တဲ့ ဆရာမကြီး လူဝီစ်ဟေး(louise l.Hay)ပဲ ဖြစ်ပါတယ်။ သူမဟာ ဒီစာအုပ်ထဲမှာ စိတ်ဓာတ်ဖွံ့ဖြိုးရေးနှင့် စကားလုံးများနဲ့ ရောဂါကုသနည်းတွေကို တမူးထူးခြားစွာ ရေးသားထားပါတယ်။ ဆရာမကြီးဟာ စကားလုံးတွေနဲ့ မိမိကိုယ်ကို ကုစားရာမှာ အတော်ဆုံး အမျိုးသမီးလို့တောင်ဆိုနိုင်ပါတယ်။

၁၉၂၆ ခုနှစ် လော့အိန်ဂျလီ မြို့စွန်တစ်နေရာမှာ မွေဖွားခဲ့တဲ့ ‌ဟေးရဲ့ ငယ်ဘဝဟာ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ သူမ တစ်နှစ်နဲ့ ခြေက်လအရွယ်မှာ သူ့မိဘတွေ ကွာရှင်းလိုက်ကြပါတယ်။ ဟေးရဲ့ အမေဟာ အိမ်ဖော်အလုပ်နဲ့ တစ်နေကုန် အပြင်မှာရှိနေတဲ့အတွက် ရက်စက်ကြမ်းကြုတ်တဲ့ ပထွေးနဲ့ ဆင်းရဲငြိုးငယ်စွာ ကြီးပြင်းခဲ့ရပါတယ်။ ဟေးအသက် ၅နှစ်အရွယ်မှာ ဘေးအိမ်က ငမူးသမားရဲ့ မုဒိန်းကျင့်ခြင်းကို ခံလိုက်ရပါတယ်။ ထို့အပြင် စရိုက်ကြမ်းကြမ်း ရပ်ကွက်ထဲမှာ မိဘရဲ့အကွာမဲ့ နေခဲ့ရတဲ့ ဟေးဟာ ယုတ်မာရိုင်းစိုင်းတဲ့ လူစိတ်မရှိတဲ့ အလုပ်ကြမ်းသမားတွေရဲ့ အကြိမ်ကြိမ် မုဒိန်းကျင့်ခြင်းကို ခံခဲ့ရပါတယ်။ နုနုနယ်နယ်အရွယ် ကလေးဘဝမှာ ကြုံတွေလိုက်ရတဲ့ ခါးသီးလှတဲ့ အဖြစ်အပျက်တွေဟာ ဟေးရဲ့နှလုံးသားထဲမှာ သံမှိုနဲ့ ရိုက်ထားသလို စွဲလျက်နေပါတော့တယ်။

လောကဒဏ်တွေကို မခံစားနိုင်တော့တဲ့အဆုံး ၁၅နှစ်သမီး ဟေးဟာ အိမ်ကနေ ဦးတည်ရာမဲ့ ထွက်ပြေးခဲ့ပါတော့တယ်။ မီးလောင်ရာ လေပင့်ဆိုသလို သူမရဲ့ ပျက်ပြားနေတဲ့စိတ်ကို အခွင့်ကောင်းယူပြီး ဖြားယောင်စော်ကားတဲ့ ပုရိသပေါင်းများစွနဲ့ ဆုံခဲ့ရပြန်ပါတယ်။ ကံဆိုးတဲ့ ဟေးဟာ ဖအေမဖော်နိုင်တဲ့ ကလေးတစ်ယောက်ကို ဖုံးဖုံးဖိဖိ မွေးဖွားခဲ့ရပြီး သူ့ရင်သွေးကို ရင်နာစွာနဲ့ သူတစ်ပါးကို အပြီးပေးခဲ့ရပါတယ်။

ထိုမှတဖန် ဘဝဇာတ်ဆရာ အလိုကျ ကံကြမ္မာတစ်ဆစ်ချိုးမှာတော့ မော်ဒယ်တစ်ယောက် ဖြစ်ခဲ့ရပြန်ပါတယ်။ မော်ဒယ်မလေးဟာ ကံဇာတာတက်နေဆဲ အချိန်မှာပဲ အင်္ဂလန်နိုင်ငံက နာမည်ကြီး လုပ်ငန်းရှင်ကြီးတစ်ဦးနဲ့ နဖူးစာရွာလည်လို့ ပေါင်းဖက်ခဲ့ရပါတော့တယ်။ ကံဆိုးမလေး ဟေးဟာ ကြာကြာကံမကောင်းနိုင်ရှာပဲ အိမ်ထောင်သက် ၁၄နှစ်အကြာမှာတော့ တစ်ခြားမိန်းမတစ်ယောက်အတွက်နဲ့ ထိုသူဌေးကြီးရဲ့ စွန့်ပစ်ခြင်ကို ခံခဲ့ရပါတော့တယ်။

သနားစရာ ဟေးလေးဟာ လောကဓံလှိုင်တံပိုးရဲ့ အနိမ့်အမြင့်တွေကြားမှာ ဆောက်တည်ရာမရနိုင်တော့ပဲ စိတ်ဝေဒနာသည်ဘဝ ရောက်ခဲ့ရပါတော့တယ်။ ဒီလို စိတ်ဝေဒနာကိုခံစားနေရတဲ့ အချိန်မှာပဲ စိတ်ကျင့်စဉ်တွေကို သင်ကြားပို့ချပေးတဲ့ ပွဲတစ်ခုကို မထင်မှတ်ပဲ တက်ခွင့်ရခဲ့ပါတယ်။ ဆွေးနွေးပွဲက ဟောပြောပို့ချချက်တွေဟာ သူမရဲ့ စိတ်ဝေဒနာတွေကို တည့်တည့်ကြည့်ပြီး ဟောပြောနေသလို ခံစားလိုက်ရတဲ့အချိန် စိတ်ရဲ့ကျင့်စဉ်တွေသာလျှင် သူခံစားနေရတဲ့ စိတ်ဝေဒနာတွေပျောက်ဖို့ အကောင်းဆုံးနည်းလမ်းဆိုတာ နားလည်လိုက်ပါတော့တယ်။

ထို့နောက် အသက်၄၀ အရွယ်ဟေးဟာ စိတ်သစ် လူသစ်နဲ့ ဒုတိယဘဝကို စတင်ပါတော့တယ်။ ငယ်စဉ်တောင်ကြေး ကလေးဘဝက စာပေမသင်ကြားခဲ့ရတဲ့ ဟေးဟာ သက်ကြီးသင်းတန်းတွေ မလွတ်တမ်းတက်ပြီး စာပေကို တစိုက်မတ်မတ် လေ့လာပါတော့တယ်။ စိတ်ကျင့်စဉ်စင်တာတွေမှာလည်း အချိန်ပြည့်ကျင့်ရင်း သူမရဲ့စိတ်ဒဏ်ရာတွေကို ကုစားပါတော့တယ်။ စိတ်ကျင့်စဉ်တွေရဲ့ အစွမ်းကြောင့် သမာဓိရလာတဲ့အချိန်မှာတော့ ငယ်စဉ်ဘဝထဲက အမြစ်တွယ်လာတဲ့ အကြောက်တရားတွေ ၊အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့စိတ်ကို မျက်ဝါးထင်ထင် တွေမြင်လိုက်ရပါတော့တယ်။ ကိုယ့်ကို အနိုင်ကျင့်စော်ကားသူတွေ၊ ဂရုမစိုက်ခဲ့ တာဝန်မကျေခဲ့တဲ့ မိဘတွေအပြင် မိမိကိုယ်ကိုပါ မုန်းတီးနေတယ်ဆိုတာ ထင်ထင်ရှားရှား သိမြင်လိုက်ရပါတော့တယ်။

ဒီလိုသိမြင်လိုက်ရတဲ့အချိန် ဟေးဟာ အလွန်အမင်းထိတ်လန့်သွားပါတယ်။ ထို့နောက် သူမဟာ ကိုယ့်နည်းကိုယ့်ဟန် အမြန်ကုစားနိုင်ဖို့ အားထုတ်ပါတော့တယ်။ အဲ့ဒါကတော့ စကားလုံးတွေရဲ့ စွမ်းအားနဲ့ ကုသခြင်းပါပဲ။ ပထမအဆင့်အနေနဲ့ မှန်ထဲမှာ ကိုယ့်ကိုကိုယ် တည့်တည့်ကြည့်ပြီး ငါ့ကိုယ်ငါ အရမ်းချစ်တယ်ဆိုပြီး အကြိမ်များစွာ ရွတ်ဆိုပါတော့တယ်။ နှုတ်ဖျားက အချစ်စကားနဲ့ ရင်ထဲက အမုန်းတရားက မညီမျှတဲ့အတွက် ညှိမရဖြစ်ကာ အဆင်မပြေဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ ရှုထောင့်ပြောင်းလိုက်ပြီး “ငါ”ဆိုတာဖျောက်ကာ မိမိကိုယ်ကို တစ်ခြားသူတစ်‌ယောက်အနေနဲ့ ရှုမြင်ပြီး ဒုက္ခခံစားခဲ့ရတဲ့ သနားစရာ သတ္တဝါတစ်ဦးလို ဂရုဏာပွားလိုက်ပါတော့တယ်။

မိမိကိုယ်ကို သနားတတ်လာပြီးတဲ့နောက် မိမိရဲ့ မိဘ၊ အသိုင်းအဝိုင်းတွေကိုပါ ဂရုဏာပွားတတ်အောင် တစ်ဆင့်တက်ပြီး ရှုမြင်ပါတော့တယ်။ ရှုမြင်ပါများလာတဲ့အခါ အမှန်တကယ်တော့ လောကလူသားတွေအားလုံးဟာ ကိုယ့်ဒုက္ခနဲ့ကို မွန်းကြပ်နေတာပါလားဆိုတာ သိရှိလာပါတော့တယ်။ တဖြည်းဖြည်းနဲ့ စိတ်အစဉ် မြင့်လာတဲ့အခါမှာတော့ သူ့ကို မုဒိန်းကျင့်စော်ကားခဲ့တဲ့ လူတွေကိုတောင် သနားစိတ်ဝင်လာနိုင်ပါတော့တယ်။ ထိုအချိန်မှာတော့ ဟေးဟာ သူမကို စော်ကားခဲ့တဲ့သူတွေကို ခွင့်လွှတ်လာနိုင်သလို မိမိကိုယ်ကိုလည်း ခွင့်လွှတ်လာနိုင်ခဲ့ပါတော့တယ်။

ဟေးဟာ ဂရုဏာကျင့်စဉ် အောင်မြင်ပြီးတဲ့နောက် အရင်ကမအောင်မြင်ခဲ့တဲ့ မေတ္တာကျင့်စဉ်ကို ပြောင်းကျင့်ပါတော့တယ်။ မိမိကိုယ်ကို မှန်ထဲကြည့်ရင်း မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး မင်းကိုငါချစ်တယ်လို့ အကြိမ်ကြိမ်ပြောချလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မိမိကိုယ်ကို ချစ်တယ်ဆိုပြီး ခံစားချက်အပြည့်နဲ့ ပြောတတ်သွားပါပြီ။ ဒီကျင့်စဉ်ကို အသံတိတ်ရော အသံထွက်ပြီးတော့ပါ နေ့စဉ်စွဲစွဲမြဲမြဲ လေ့ကျင့်သလို “ငါ့ကိုယ်ငါ ချစ်တယ်ဆိုတဲ့ စာကြောင်းကိုလည်း တစ်ရက်ကို အကြိမ် လေးငါးဆယ်လောက် ချရေးပစ်လိုက်ပါသေးတယ်။ မိမိကိုယ်ကို နှစ်နှစ်ကာကာ ချစ်တတ်လာတဲ့ ဟေးဟာ နောက်တစ်ဆင့်တက်ပြီး မိတ်ဆွေတွေနဲ့ လောကကြီးကို ချစ်တတ်လာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။

အကောင်းမြင်စိတ်နဲ့ လောကကြီကို ချစ်တတ်လာတဲ့ ဟေးဟာ မိမိကိုယ်ကို ပြောင်းလည်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါလည်း အရင်ကျင့်စဉ်တွေလိုပဲ စကားလုံးတွေရဲ့ စွမ်းအားကို အသုံးချပြီး မိမိကိုယ်ကို စကားပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့် စကားလုံးတွေဟာ စွမ်းအားရှိလို့ အသံထွက်ပြီးသော်လည်းကောင်း အသံတိတ်ပြီးသော်လည်းကောင်း မိမိကိုယ်ကို ပြောတဲ့အခါ အဆိုးတွေမပြောမိဖို့ အရေးကြီးပါတယ်။ ဒီလိုနဲ့ ဟေးဟာ မှန်ထဲမှာ မိမိကိုယ်ကို တည့်တည့်ကြည့်ပြီး ကြည်လင်တဲ့အသံနဲ့ တုန်ခါနေတဲ့ လည်ချောင်းကိုကိုင်ပြီး “ငါပြောင်းလည်းချင်တယ်”ဆိုပြီး အကြိမ်ပေါင်းများစွာ ပြောပါတော့တယ်။ ဒီလိုနည်းနဲ့ စိတ်ကိုအမိန့်ပေး လိုသလိုပုံသွင်းပြီး ပြောင်းလဲနိုင်ခဲ့တဲ့ ဆရာမကြီး ဟေးဟာ လူသန်းပေါင်းများစွာရဲ ဘဝကိုလည်း ပြောင်းလဲနိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*