ညောင်ဦး မဏိစည်သူဈေးမှ အနောက်သို့ ၄ဖာလုံခန့် ဆင်းသွားလျှင် ရွှေစည်းခုံစေတီတော်ကြီးကို ရွှေတောင်ကြီး ပုံထားသကဲ့သို့ ဖူးမြှော်နိုင်သည်။ ရွှေစည်းခုံစေတီတော်ကြီး၏ သမိုင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ပုဂံပြည် အနော်ထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။
ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကို တုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။
အနော်ရထာမင်းကြီးသည် စွယ်တော်မြတ်ကို နန်းတော်ရှေ့ ရတနာပြသာဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ဝတ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တဝါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဉာဏ်ပေးခဲ့သည်။
အနော်ရထာမင်းလဲ ရှင်အရဟံမထေရ်၏ အကြံဉာဏ်မှာ အလွန်လျှော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။
မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်းဟု အဓိဋ္ဌာန်၍ ဆင်ဖြူတော်၏ ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။
ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် ဥဿဘ ၅ဝ အကွာ (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ဝပ်လေသည်။
(သဲစည်း ခုံတွင် ဝပ်လေသော် မင်းကြီးသည် များစွာ စိတ်မသက်မသာ ဖြစ်လေသည်။ ယင်းအဖြစ်ကို သိကြားမင်းသိသော် စိတ်မဆင်းရဲရန် အိပ်မက်ပေး၍ ထိုမြေကို ကျောက်မြေအတိ ဖြစ်စေ၍ သံပြားနှင့် ကွပ်ပေးသည်ဟု သမိုင်းစာအုပ်များ၌ အဆိုရှိသည်။)
ဆင်ဖြူတော် ဝပ်ရာ သဲစည်းခုံတွင် စွယ်တော်မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။
ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း (၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတစ်ဆူနှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တဘောင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။
ထို့နောက် မင်းကြီး၏ကိုယ်စား ရတနာပန်းတောင်းကို ဖက်နေဟန် ရွှေစင်ကို သွန်းလုပ်၍ ဌာပနာတော်မူသည်။ သက္ကရာဇ် ၄၂၁ ခုနှစ်တွင် ရွှေစည်းခုံအတွင်း ထပ်စေတီကို ဖိနပ်ခြေသံတောင် ၃၂ဝ ရှိအောင် တည်တော်မူ မည်ဟု အကြံတော်ရှိသော်လည်း ၄၄၆ ခုနှစ်တွင် နတ်ရွာစံသဖြင့် အကြံတော် မအောင်မြင်ချေ။ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက်မှာပဲ အနော်ရထာမင်း နတ်ရွာစံခဲ့သည်။
အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့သည်။
အနော်ရထာမင်း ရည်ရွယ်တော်မူရင်း ဖိနပ်ခြေ သံတောင် ၃၂ဝ သည် ကြီးကျယ်လွန်းသဖြင့် ရှင်အရဟံနှင့် ညှိနှိုင်းတိုင်ပင်ကာ ဖိနပ်ခြေသံတောင် ၃ဝဝ၊ အမြင့် သံတောင် ၈ဝ ရှိသော စေတီကို အတွင်းထပ်စေတီအား ငုံ၍ တည်သည်။
တုရင်တောင်၌ ရှိသော ကျောက်များကို အလျားသုံးထွာ၊ အနံ တစ်ထွာ ရွှေခြမ်းစေ၍ လူအများ လက်ဆင့်ကမ်း၍ ဘုရား တည်ရာသို့ ပို့ရသည်ဟု ဆိုသည်။
ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။
ပုဂံတွင် နှစ်ထပ်စေတီ (၄၅)ဆူအနက် တစ်ဆူအပါအဝင် ဖြစ်သည်။ “ငယ်တုံသေးသည့် စိတ်−ရည်ပိုက်တုပ် နောက်ထပ်လုပ်၏” ဘုရားစဉ်လင်္ကာအဆိုနှင့် ကိုက်ညီနေသည်။
အချို့ကလည်း ရွှေစည်းခုံစေတီကို အနော်ရထာတည်သည်မှာ ပစ္စယာသုံးဆင့် အရောက်တွင် နတ်ရွာစံရာ အပြီးမသတ်၍ ကျန်စစ်သားမင်းကြီး ဆက်တည်သည်ဟု ဆိုကြ၍ အချို့ကမူ အနော်ရထာလက်ထက် စေတီတည်ပြီးသည်ကို ကျန်စစ်သား မင်းကြီးက အပြင်မှ စေတီတစ်ထပ် ငုံတည်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုတွေ့မြင်ရသော စေတီသဏ္ဌာန် အချိုးအစားကား ကျန်စစ်သားတည်ခဲ့သည့် အချိုးအစားအတိုင်း ဖြစ်လေသည်။ စေတီတော်ဖိနပ်ခြေ သံတောင် ၃ဝဝ၊ အမြင့် သံတောင် ၈ဝ၊ ချယားသီး ပဉ္စလောဟာ အစောက်ကိုး၊ အိုး ၁၂ လုံး၊ ခြင်္သေ့ရုပ် ၂၁၊ မကန်းရုပ် ၁၆၊ ပင်လယ်ဖားရုပ် ၁၆၊ မုခ် လေးခု၊ လှေကား ၁၂၊ ပထမထီးတော်အဝ ကိုးတောင်၊ ဘုံ ကိုးဆင့် ရောင်လျှံတောက် တစ်တောင်တစ်မိုက် လက်လေး သစ်တို့ ဖြစ်သည်။
လူသိနည်းသောအကြောင်း
ရွှေစည်းခုံစေတီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။
ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဉ့်စိမ်းသုတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀)ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့်တကွ တွေ့ရသည်။ ရွှေစည်းခုံစေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ဝရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတဉ်းပညာ)ကို လေ့လာနိုင်သည်။
ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) ၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားရှင်လက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့်အကြောင်း ရေးထိုးထားသည်။
ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်အနော်ရထာ အေဒီ(၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို (၂၃)မေ၊ (၁၅၅၇) ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (၃.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖော်ပြခဲ့သည်။
ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃-၁၇၇၆) သည် (၃၀)မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၎င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။
ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။ ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။
အံ့ဘွယ်ကိုးပါး
ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါးနှင့် ပြည့်စုံသည်ဟု ယုံကြည်ကြသည်။
အတွင်းအံ့ကိုးပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊ စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း၊ စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း၊ စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း၊ တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း၊ အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း၊ စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း၊ မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း၊ စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။ ထို့အတွက်ကြောင့် ရှေးမှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ – တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ၊ အမြင့်မှာ သဗ္ဗညု ဟူ၍ ဖြစ်သည်။
အပြင်အံ့ကိုးပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း၊ ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း၊ ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲ စီးဆင်းခြင်း၊ မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း၊ စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း၊ ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ချင်းပေါက်ခြင်း၊ ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း၊ ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း၊ စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။
ရွှေစည်းခုံဘုရားကျောက်စာ
ကျန်စစ်သားမင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာ၏မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်သည်။
ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။
အချို့လည်း အထက်အညာသို့ ပါကြရသည်။
ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။
များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊ မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။
ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊
ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့၊
ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊ လို့ သိရပါသည်။
Leave a Reply