မိမိကိုယ်ကို ယုံကြည်မှု (Self Confidence)ကို တည်ဆောက်ခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို ကုစားနိုင်ပါတယ်။
(၁) မိမိ၏ ဘဝတစ်လျှောက် အောင်မြင်မှုများကို ပြန်လည်အာရုံပြု ခံစားခြင်း
ကလေးဘဝမှ ယခုချိန်ထိ ရခဲ့တဲ့အောင်မြင်မှုတွေကို စာရွက်ပေါ်မှာ ချရေးပြီး၊ ဒီအောင်မြင်မှုတွေကို ယခုဖြစ်နေသလိုမျိုး ခံစားကြည့်ပါ။ အားပေးချီးကျူးသံတွေ၊ လက်ခုပ်သံတွေကို ခုဖြစ်နေသလိုမျိုးကို ခံစားကြည့်ရပါမယ်။ အောင်မြင်မှုတွေဟာ ကြီးကြီးမားမား ဖြစ်ဖို့မလိုပါဘူး။ ငယ်ငယ်က စိန်ပြေးတမ်းကစားရာမှာ အနိုင်ရခဲ့တာလည်း ဖြစ်နိုင်သလို၊ ဘယ်သူမှ မတက်ရဲတဲ့ အပင်ထိပ်ဖျားက အသီးကို တက်ခူးနိုင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီအချိန်က ဇွဲ နှင့် စိတ်ဓာတ်မျိုးသာ ခုချိန်ထိ ရှိနေမယ်ဆိုရင် မအောင်မြင်နိုင်စရာ အကြောင်းမရှိနိုင်ပါဘူး။ အဲ့ဒီတော့ မိမိရဲ့ ဘယ်လိုအောင်မြင်မှုမျိုးကိုမဆို အသိအမှတ်ပြုဖို့နဲ့ အဲ့ဒီအောင်မြင်တွေကို ထပ်ခါ ထပ်ခါ အာရုံပြုပြီး မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ပါ။
(၂) အားသာချက်တွေကို အမြဲအာရုံပြုဆင်ခြင်ပြီး လေးလေးနက်နက် အသိအမှတ်ပြုခြင်း လူတိုင်းဟာ ကိုယ်စီအားသာချက်တွေ ပိုင်ဆိုင်ထားကြပါတယ်။ တချို့က အတွေးအခေါ်ပိုင်းမှာ အားသာတတ်ကြသလို တချို့က လက်တွေ့လုပ်ဆောင်ရာမှာ အားသာတတ်ကြပါတယ်။ လူတချို့ကျတော့ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ အာသာတတ်ကြပါတယ်။ အရမ်းညံ့ဖျင်းတဲ့လူတောင် တော်တဲ့တစ်ကွက်၊အားသာတဲ့တစ်ကွက်တော့ ရှိကြပါတယ်။ အဓိကကတော့ မိမိရဲ့အားသာချက်တွေကို အမြဲအာရုံပြုဆင်ခြင်ရမယ်၊ လေးလေးနက်နက် အသိအမှတ်ပြုရမယ်၊ ပီတိဖြစ်ပြီး ဂုဏ်ယူနေရပါမယ်။
(၃) အောင်မြင်မှု အသေးစားတွေကို နေ့စဉ်ဖန်တီးပေးခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ခြင်း
အောင်မြင်မှုနဲ့ ယုံကြည်မှုဆိုတာ ဒွန်တွဲနေပါတယ်။ မိမိကိုယ်ကို ယုံကြည်သူတွေဟာ ဘဝမှာ အောင်မြင်ကြသလို၊ အောင်မြင်ကြသူတွေဟာလည်း မိမိကိုယ်ကို ယုံကြည်ကြပါတယ်။ ဒါကြောင့် အခွင့်အရေးရတိုင်း မိမိရဲ့အားသာချက်တွေကို သုံးပြီး အောင်မြင်မှုအသေးစားတွေကို နေ့စဉ်တည်ဆောက်ပါ။ စိတ်ခံစားချက်နဲ့ သက်ဆိုင်တဲ့ အောင်မြင်မှု အသေးလေးတွေ ဖြစ်တဲ့ (စားချင်နေတဲ့ မတည့်တဲ့အစာကို ရှောင်လိုက်နိုင်ခြင်း၊ အမြဲ ကားလုမောင်းတတ်သူက တစ်ဖက်ကားကို ဦးစားပေးလိုက်ခြင်း၊ စိတ်ဆိုးဒေါသထွက်တိုင်း ခွန်းတုန့်ပြန်တတ်သူက ခွန်းတုန့်မပြန်ပဲ ထိန်းချုပ်နိုင်လိုက်ခြင်း) တို့ကို နေ့စဉ်လုပ်ဆောင်ပေးနိုင်ပါတယ်။ ထိုသို့ လုပ်ဆောင်ပေးခြင်းဖြင့် အလေ့အကျင့်ဖြစ်ကာ ငါလုပ်နိုင်တယ်ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိကာ အောင်မှုအကြီးစားတွေကို တည်ဆောက်ဖို့ မခဲယဉ်းတော့ပါဘူး။
(၄) မိမိကိုယ်ကို သူတစ်ပါးနှင့် မနှိုင်းယှဉ်ပါနဲ့
မိမိရဲ့အားနည်းချက်ကို သူတစ်ပါးရဲ့ အားသာချက်နဲ့ မနှိုင်းယှဉ်မိပါစေနဲ့။ ထိုသို့ နှိုင်းယှဉ်ခြင်းဖြင့် သိမ်ငယ်စိတ်ကို ဖြစ်စေပါတယ်။ သိမ်ငယ်စိတ်ဟာ ယုံကြည်မှုရဲ့ မဟာရန်သူတော်ပါ။ သဘောပေါက်ထားရမှာက လူတိုင်း သတ္တဝါတိုင်းမှာ အားသာချက် ကိုယ်စီရှိကြတာကိုပါ။ မိမိရဲ့အားသာချက်ဟာ တခြားသူဆီမှာ မရှိနိုင်သလို တခြားသူရဲ့ အားသာချက်ကလည်း မိမိမှာ မရှိနိုင်ပါဘူး။ ငှက်ဟာ လေမှာပျံနိုင်သလို ငါးဟာ ရေမှာကူးနိုင်ပါတယ်။ ငှက်ကို ရေကူးခိုင်းလို့ မရသလို ငါးကိုလည်း ပျံခိုင်းလို့ မရပါဘူး။
(၅) အောင်မြင်သူတွေရဲ့ အကြောင်းကို လေ့လာပါ၊ မုဒိတာပွားပါ
အောက်ခြေဘဝကနေ ကြိုးစားပြီး အောင်မြင်လာတဲ့သူတွေ အကြောင်းကို လေ့လာခြင်းဖြင့် ကျနေတဲ့စိတ်ဓာတ်များ ပြန်တက်လာပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိလာမှာပါ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ အောင်မြင်မှုတွေကို အမြဲတမ်း စိတ်ထဲကနေ အသိအမှတ်ပြု မုဒိတာပွားနေရပါမယ်။ သူတို့ရဲ့ အောင်မြင်ရေးဓာတ်တွေဟာ တဖြည်းဖြည်းနဲ့ ရင်ထဲကိန်းအောင်းလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှု ရှိလာပါလိမ့်မယ်။
Leave a Reply